“အကြွေးနွံနစ်နေရာမှ ကမ္ဘာ့အချမ်းသာဆုံးဖြစ်လာတဲ့ LV Brand ထုတ်လုပ်သူ Bernard Arnault ရဲ့စွန့်စားမှု”

ယနေ့မှာ Bernard Arnault သည် 219.5 ဘီလျှံချမ်းသာပြီး ဥရောပနဲ့ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ ဇိမ်ခံပစ္စည်းများ လုပ်ငန်းစု LVMH သည် Louis Vuitton၊ Dior နှင့် Sephora အပါအဝင် ထင်ရှားသည့် အမှတ်တံဆိပ် ၇၀ ကျော်ကို ပိုင်ဆိုင်ထားသည်။

Arnault သည် သူ့ရဲ့ ချမ်းသာကြွယ်ဝမှု အင်ပါယာကို တယောက်တည်း အစမှအဆုံးတည်ဆောက်ခဲ့ပြီး အရှုံးနဲ့ရင်ဆိုင်နေရသော ဆောက်လုပ်ရေးကုမ္ပဏီတခုကို ကမ္ဘာ့ဖက်ရှင်အင်အားကြီးလုပ်ငန်းစုတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

သူ၏ အကြွေးနွံနစ်နေရာမှ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတဲ့ ဇာတ်လမ်းသည် မဆုတ်မနစ်သော အိပ်မက်များ၊ တွက်ချက်ပြီး စွန့်စားမှု နှင့် အရည်အချင်းရှိသော ဒီဇိုင်နာများကို ပြုစုပျိုးထောင်ရန် စိတ်အားထက်သန်ခဲ့တာတွေ ကြောင့်ဖြစ်သည်။

စွန့်ဦးတီထွင်သူတိုင်းကဲ့သို့ပင်၊ Arnault သည် စီးပွါးရေး စလုပ်ကာစ ကျရှုံးမှုများနှင့် အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရသည်။ ဒါပေမယ့် ကမ္ဘာ့ထိပ်တန်း ဇိမ်ခံပစ္စည်းထုတ်လုပ်တဲ့ အုပ်စုကို ဖန်တီးဖို့ သူ့အတွေးအမြင်ကို ရအောင် အကောင်အထည်ဖော်ခဲ့ပါတယ်။

▪️ရိုးရှင်းသောဘဝအစ

Arnault သည် တန်ဖိုးကြီး တောက်ပတဲ့ ဖက်ရှင်လောကမှ ဝေးကွာစွာ ကြီးပြင်းလာခဲ့သည်။ ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ စက်မှုမြို့တော် Roubaix တွင် 1949 ခုနှစ်တွင်မွေးဖွားခဲ့သည်။ သူ့မိသားစုသည် ဆောက်လုပ်ရေးလုပ်ငန်းငယ်တစ်ခုဖြစ်သည့် Ferret-Savinel ကိုပိုင်ဆိုင်ပြီး သူ့အဖေက သူ့ပညာရေးပြီးဆုံး ပြီးနောက်တွင် သူ့လုပ်ငန်းကို အားဖြည့်ဖို့ မျှော်လင့်ထားခဲ့သည်။

ဆယ်ကျော်သက်အရွယ်တွင်၊ Arnault သည် မိသားစုစီးပွားရေးကို အမွေဆက်ခံရန် စိတ်ဝင်စားမှုနည်းပါးခဲ့သည်။ သူသည် ပရော်ဖက်ရှင်နယ် စန္ဒယား ဂီတပညာရှင် ဖြစ်လာဖို့ စိတ်အားထက်သန်ခဲ့သည်။ ဒါပေမယ့် မိသားစုလုပ်ငန်းကိုဆက်ခံဖို့ သူ့ရဲ့ အနုပညာဆန္ဒကို မျိုသိပ်ထား ခဲ့ရသည်။

ပြင်သစ်နိုင်ငံ၏ ကျော်ကြားသော École Polytechnique University မှ ၁၉၇၁ ခုနှစ်တွင် ဘွဲ့ရပြီးနောက်၊ Arnault သည် စီးပွားရေးနှင့် ဘဏ္ဍာရေးလောကသို့ ဝင်ရောက်ခဲ့သည်။ သူ့မိသားစုရဲ့ ကုမ္ပဏီမှာ သုံးနှစ်ကြာ ကြိုးကျစ်တဲ့ အလုပ်တွေကို သင်ယူခဲ့ပါတယ်။ သို့သော် ၁၉၇၀ ခုနှစ်များအလယ်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်း ကျဆင်းလာသောကြောင့် ခက်ခဲသောကာလဖြစ်သည်။

သူ့အဖေက ၁၉၇၆ ခုနှစ်မှာ အငြိမ်းစားယူပြီး သူတို့လုပ်ငန်းက ဒေဝါလီခံဖို့ နီးစပ်ခဲ့ပါတယ်။ အသက် ၂၇ နှစ်သာရှိသေးတဲ့ Arnault ဟာ Ferret-Savinel ကုမ္ပဏီ ကို ဦးဆောင်ရတဲ့ပြင်သစ်မှာ အငယ်ဆုံး CEO ဖြစ်လာခဲ့ပါတယ်။ အတွေ့အကြုံမရှိသော လူငယ်တယောက် အတွက် ကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်သည်။

▪️ကျရှုံးမှုကို အခွင့်အလမ်းအဖြစ် ပြောင်းလဲခြင်း

Arnault ၏ ဦးဆောင်မှုအောက်တွင်၊ Ferret-Savinel သည်ဆက်လက်ကျဆင်းခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ကုမ္ပဏီသည် စုစုပေါင်းအကြွေး ဒေါ်လာ သန်း ၅၀ ရှိခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းသည် အမြတ်မရနိုင်သော ငွေကြေးဆုံးရှုံးရခြင်းအကြောင်းအရင်းဖြစ်ကြောင်း Arnault က သဘောပေါက်ခဲ့သည်။ သူ့မိသားစု လက်ငုတ်လက်ရင်းမဟုတ်ပဲ လုပ်ငန်းသစ်တခုကို စွန့်စားပြီး စတင်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။

၁၉၈၄ ခုနှစ်တွင် Arnault သည် ရင်းနှီးမြုပ်နှံသူတွေ ပေါင်းစည်းပြီး ဇိမ်ခံအထည်အလိပ်ထုတ်လုပ်သည့် Boussac Saint-Frères ကိုဝယ်ယူရန် သူ့ လုပ်ငန်းက လက်ကျန်ငွေများကို အသုံးချခဲ့သည်။ တစ်ချိန်က အထင်ကရ Boussac သည် တန်ဖိုးကြီးဖက်ရှင်အိမ် Christian Dior အပါအဝင် မအောင်မြင်သော Brand အမှတ်တံဆိပ်များစွာကို ပိုင်ဆိုင်ထားသည်။

အဲဒီ ဆုံးဖြတ်ချက်သည် Arnault ကို အမြင့်အသစ်တနေရာကို တွန်းပို့မည့် သို့မဟုတ် လုံးလုံးလျားလျား နစ်မြုပ်သွားစေမည့် တွက်ကိန်းတစ်ခုဖြစ်သည်။ “ကျွန်တော် Christian Dior ကိုဝယ်တုန်းက ကျွန်တော်ဘာလုပ်နေတယ်ဆိုတာ သိခဲ့တယ်၊ ဒါပေမယ့် ကျွန်တော့်ကို ကယ်တင်ဖို့ ကြိုးတစ်ချောင်းနဲ့ Eiffel မျှော်စင်ပေါ်ကနေ ခုန်ချနေသလိုခံစားရတုန်းပဲ” လို့ ဆိုပါတယ်။

▪️အထင်ကရ အမှတ်တံဆိပ်များကို ပြန်လည်အသက်သွင်းခြင်း

Boussac တစ်ခုလုံးသည် အကြွေးဒေါ်လာ သန်း ၁၀၀ အောက်တွင် နွံနစ်နေသော်လည်း Arnault သည် ၎င်း၏ နောက်ကွယ်က တန်ဖိုးကို မြင်ခဲ့သည်။ သူသည် Christian Dior တခုမှလွဲ၍ ပိုင်ဆိုင်မှုအားလုံးကို ဂိုဒေါင်များ၊ စာရင်းများနှင့် ပစ္စည်းများကို ချက်ချင်းရောင်းချခဲ့သည်။

နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Gianfranco Ferré နှင့်အတူ Arnault သည် Dior ကို ၎င်း၏ယခင်ဂုဏ်ကျက်သရေကို ပြန်လည်အသက်သွင်းရန် စီစဉ်ခဲ့သည်။ သူသည် ကုမ္ပဏီကစရိတ်စကများကို ဖြတ်တောက်ပြီး အရောင်းဆိုင်အသစ်များနှင့် ထုတ်ကုန်လိုင်းများ တိုးချဲ့ခြင်းတွင် ပိုမိုရင်းနှီးမြှုပ်နှံခဲ့သည်။

သူ့တွက်ကိန်းမှန်ခဲ့တာကြောင့် Dior ရဲ့ ပြန်လည်ဆန်းသစ်တဲ့ ဒီဇိုင်းတွေကို တကမ္ဘာလုံးက အားပေးခဲ့ကြပြီး ၂ နှစ်အတွင်း အမြတ်အစွန်းပြန်ရရှိခဲ့သည်။ ၁၉၈၀ ခုနှစ်များနှောင်းပိုင်းတွင် Dior ၏ တဟုန်ထိုးအောင်မြင်မှုလာခဲ့ပြီး Arnault သည် ပြင်သစ်စီးပွားရေးအသိုင်းအဝန်းတွင် တောက်ပ လာသောကြယ်တစ်ပွင့်အဖြစ် ကျော်ကြားခဲ့သည်။

မိမိကိုယ်ကို ယုံကြည်မှုရလာသော Arnault သည် ငွေသားအပြည့်ကိုင်ဆောင်ပြီး အခြားသော စီမံခန့်ခွဲမှုညံ့ဖျင်းသော နာမည်ကြီး ဇိမ်ခံအမှတ်တံဆိပ် ကုမ္ပဏီများကို ဆက်တိုက်ဆိုသလို ဝယ်ယူ စုဆောင်းခဲ့သည်။

▪️ Louis Vuitton အင်ပါယာ မွေးဖွားမှု

Arnault သည် ဖက်ရှင်လောကကို လွှမ်းမိုးရန် ကြီးမားသော ရည်မှန်းချက်ကြီးကြီး မားမား ရှိခဲ့သည်။ Arnault ၏ ဦးပိုင်ကုမ္ပဏီဖြစ်သည့် Financière Agache သည် စျေးကြီးတဲ့ Brand များကို တစ်ခုပြီးတစ်ခု ဝယ်ယူခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် သားရေပစ္စည်းထုတ်လုပ်သည့် Louis Vuitton အပါအဝင် LVMH ဇိမ်ခံလုပ်ငန်းခွဲများကို တည်ထောင်ခဲ့သည်။

Naomi Campbell ကဲ့သို့သော နာမည်ကြီး စူပါမော်ဒယ်များက LVMH အမှတ်တံဆိပ်ကမ်ပိန်းများတွင် ပါဝင်သရုပ်ဆောင်ခြင်းဖြင့် LVMH သည် ဖက်ရှင်နယ်ပယ်တွင် လူကြိုက်များ ကျော်ကြားလာစေခဲ့သည်။

LVMH သည် ပြိုင်ဘက်များထက် ပ်ိုမိုဆွဲဆောင်မှုရှိစေရန်နဲ့ ဝယ်ယူသူများနဲ့ ထိတွေ့အောင် လူမှုကွန်ယက် နှင့် e-commerce များကို တီထွင်ခဲ့သည်။ Online Followers ၇ သန်း ရှိပြီး နေ့စဉ် အမြောက်အမြား ရောင်းချနေရသည်။

▪️ကျရှုံးမှုမှ အံ့မခန်းအောင်မြင်မှု

Bernard Arnault သည် သူ၏ ကျရှုံးနေသော အမွေဆက်ခံ ရရှိသောဆောက်လုပ်ရေးလုပ်ငန်း မှ မဖြစ်နိုင်သော စိတ်ကူးယဉ်အိပ်မက်နောက်လိုက်ခဲ့ပြီး တော်ရုံလူစိတ်ကူး မယဉ်ရဲတဲ့ ဖက်ရှင် လုပ်ငန်း တစ်ခုကို အကောင်အထည်ဖော်ခဲ့သည်။ သူသည် ကျရှုံးမှုများကို သတ္တိရှိရှိ စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် အံ့မခန်းအောင်မြင်မှု အဖြစ် ပြောင်းလဲခဲ့သည်။

ယနေ့အသက် ၇၀ ကျော်အရွယ် ဘီလျံနာသူဌေးကြီးသည် ဖက်ရှင်လောကကို ဆက်လက်ကြိုးကိုင် ထိန်းချုပ်နိုင်ဆဲဖြစ်သည်။ ကိုယ်တိုင်တည်ထောင်ခဲ့သော self-made empire ကို ကျော်နိုင်သူ ယနေ့အထိမရှိသေးပဲ လူတွေကို မိမိရဲ့ စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဦးဆောင်လမ်းပြသူ တယောက်အနေနဲ့ ရပ်တည်နေဆဲဖြစ်ပါတယ်။

Arnault ဆီကနေ သင်ယူလို့ရတာက ကျဆုံးမှုကနေ အောင်မြင်မှုရအောင် စဉ်းစားဖန်တီးပါ။ တွက်ချက်ပြီး စွန့်စားမှုတွေလုပ်ပါ။ ဆန်းသစ်တီထွင်ပြီး အမြင်ကောင်းကောင်းနဲ့ စျေးကွက်ကို ဦးဆောင်ပါ။ ဘဝဆိုတာ အရှုံးနဲ့ပဲ ရပ်နေဖို့ မဟုတ်ပဲ အပြုံးနဲ့ ရအောင် ရှေ့ဆက်ရမယ်ဆိုတာပါပဲ….

#MoefromAmerica ❤️🇺🇸

Reference: Successful entrepreneurs